ဆီးချိုရှိရင် သစ်သီးတွေ မစားသင့်တော့ဘူးလား
ဆီးချိုရှိလို့ သစ်သီးတွေ မစားရဘူး၊ သစ်သီးတွေကချိုလို့ ဆီးချိုပိုတက်လိမ့်မယ် ဆိုပြီးပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်ရော ဆီးချိုရှိရင် သစ်သီးတွေ စားလို့မရတာလား၊ စားရင် တကယ်ပဲ ဆီးချိုတွေ ဆောင့်တက်သွားနိုင်းလား၊ ဘယ်လိုသစ်သီးတွေကို စားရင်ရနိုင်သလဲဆိုတာကို ဆီးချိုရောဂါရှင်တွေရော၊ မိသားစုဝင်တွေရော သိထားသင့်ပါတယ်နော်။
တကယ်တော့ သစ်သီးတွေဟာ အမျှင်ဓာတ်၊ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ၊ antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ကျန်းမာအသက်ရှည် နုပျိုဖို့အတွက် များများ စားသင့်တဲ့အရာပါ။ဒါပေမယ့် ဆီးချိုရောဂါရှိနေရင်တော့ သစ်သီးတိုင်းကို စိတ်ရှိတိုင်း စားဖို့မသင့်တော့ပါဘူး။
သစ်သီးတွေထဲမှာပါတဲ့ အချိုဓာတ်ကို fructose လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ fructose တွေရဲ့ တဝက်ခန့်ကို အသည်းထဲမှာ ဂလူးကိုစ့်အဖြစ် ပြောင်းပေးပြီး ကျန်တာကိုတော့ lactate နဲ့ glycogen အဖြစ် ပြောင်းပေးပါတယ်။ ဒီတော့ သစ်သီးတွေ တစ်ထိုင်တည်းနဲ့ အများကြီးစားလိုက်တဲ့အခါ သွေးထဲမှာ ဂလူးကိုစ့်သကြားဓာတ်တွေ တက်လာနိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ဖျော်ရည်အနေနဲ့ ဖျော်သောက်တာ၊ အခြောက်ခံထားတဲ့ သစ်သီးကို စားတာမျိုးက လတ်ဆတ်တဲ့ သစ်သီးကို စားတာထက် သွေးတွင်းသကြားဓာတ် ပိုတက်စေပါတယ်။
ဒါဆို မစားရတော့ဘူးလား?
မဟုတ်ပါဘူးနော်။ လတ်ဆတ်တဲ့ သစ်သီးတွေမှာပါတဲ့ အမျှင်ဓာတ်က အစာခြေခြင်းကို နှေးအောင်ဆောင်ရွက်ပေးလို့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရစေပြီး သစ်သီးတွေ အများကြီးထပ်မစားဖြစ်အောင် ဆောင်ရွက်ပေးသလို သွေးတွင်းကိုလက်စထရောတွေ လျော့စေတာနဲ့ သွေးတွင်းသကြားဓာတ် ဆောင့်တက်မသွားအောင်လည်း လုပ်ဆောင်ပေးပါတယ်။ သစ်သီးတွေကို ချက်ပြုတ်လိုက်ရင်တော့ အမျှင်ဓာတ်တွေ ဆုံးရှုံးသွားစေလို့ အထက်ပါအာနိသင်တွေ ရတော့မှာ မဟုတ်ပါဘူး။ အခွံပါဝါးစားလို့ရတဲ့ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီးတို့ကို ပိုစားသင့်ပြီး အခွံခွာရတဲ့ ငှက်ပျောသီးလို ဟာမျိုးကိုတော့ ချင့်ချိန်စားသင့်ပါတယ်။
သစ်သီးတွေမှာပါတဲ့ antioxidants တွေက ဆီးချိုအပါအဝင် နာတာရှည်ရောဂါတွေကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ အနီရောင်၊ ခရမ်းရောင်နဲ့ အပြာရောင်ရှိတဲ့ သစ်သီးတွေမှာ antioxidants ပို ကြွယ်ဝပါတယ်။
ဘယ်လိုသစ်သီးတွေကို ရှောင်ရမလဲ?
အခြောက်ခံထားတဲ့ အသီးတွေ
အခြောက်ခံထားတဲ့ အသီးတွေဟာ ကစီဓာတ်တွေ ပုံမှန်ထက်ပိုပါသလို သကြားတွေထပ်ထည့်ထားတတ်တာ၊ အခွံတွေခွာထားလို့ အမျှင်ဓာတ်တွေ နည်းနေတတ်တာ၊ ဆားတွေလည်း ပါတတ်တာကြောင့် ရှောင်သင့်ပါတယ်။
ဖျော်ရည်တွေ
သစ်သီးကို ဖျော်ရည်ပုံစံနဲ့ သောက်တာက ဗိုက်မပြည့်စေတဲ့အတွက် အများကြီးသောက်မိနိုင်သလို အစာခြေမြန်ပြီး အသည်းထဲမှာ ဂလူးကိုစ့်အဖြစ်လျင်မြန်စွာ ပြောင်းစေလို့ သွေးတွင်းသကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။
ဘယ်လိုသစ်သီးတွေ စားလို့ရလဲ?
စားလိုက်တဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာကိုတိုင်းတဲ့ glycaemic index (GI) ဆိုတာရှိပါတယ်။ GI က 56 နဲ့အထက်ရှိရင် များတယ်လို့ ပြောနိုင်ပါတယ်။ သစ်သီးတွေဟာ မှည့်လေလေ GI များလေလေ ဖြစ်ပါတယ်။
GI များတဲ့ သစ်သီးတွေကတော့
- နာနတ်သီး- 56
- ငှက်ပျောသီး- 58
- ဖရဲသီး- 72 တို့ဖြစ်ပြီး GI နည်းပြီး စားသင့်တဲ့ သစ်သီးတွေက
- ပန်းသီး- 38
- စပျစ်သီး- 25
- ဘယ်ရီသီး- 4 တို့ ဖြစ်ပါတယ်။
သစ်သီးတွေ မစားခင်မှာ တစ်ကြိမ်၊ စားပြီး နာရီဝက်၊ တစ်နာရီခန့်မှာ တစ်ကြိမ် ဆီးချိုဖောက်စစ်ကြည့်ပြီး ချင့်ချိန်စားလို့ ရပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလည်း ရှိပါတယ်။ သင့်တင့်လျောက်ပတ်စွာ စားသုံးခြင့်ဖြင့် ခန္ဓာကိုယ်အတွက် ဆေးဖြစ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်